ယုံကြည်ခြေတစ်လှမ်း
Author: | Admin User |
Created: | Monday, 4 November 2024, 3:08 AM |
Last Modified: | Wednesday, 4 December 2024, 4:56 AM by Unesco Admin |
Content
“ရည်ရွယ်တဲ့လမ်းက ဘယ်လောက်ဝေးဝေးကွယ် ဒီခြေတစ်လှမ်းနဲ့စတင်ဖို့သာလိုတယ် .......
ပထမဆုံးဒီခြေတစ်လှမ်းဟာ အို ....နောက်ဆုံးတော့ပန်းတိုင်ရောက်နိုင်တယ်....”
ဒီခွန်အားပေးတဲ့ သီချင်းစာသားများက အတွေးလေးတွေကို ဆက်ဖြစ်ပွားစေခဲ့ပါတယ်။
ဘဝရဲ့ အစိတ်အပိုင်း တော်တော်များများက အောင်မြင်မှုအတွေ့အကြုံများက မသေချာမရေရာတဲ့ ခြေလှမ်းလေးတစ်ခုနဲ့ စတင်ပါတယ်။ တောင်တက်တာပဲဖြစ်ဖြစ်၊ စက်ဘီးစီးတတ်ဖို့ပဲဖြစ်ဖြစ်၊ စာမေးပွဲ အောင်ဖို့ပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့နေရာကို ရောက်ဖို့ ခြေလှမ်းပေါင်းများစွာကို ဖြတ်သန်းခဲ့ကြရတယ် မဟုတ်ပါလား။
ပထမဆုံးခြေလှမ်းကို စလှမ်းဖို့က လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဘာသာစကားတစ်ခုကို လေ့လာမယ် ဒါမှမဟုတ် ခရီးတစ်ခုအတွက် ပိုက်ဆံစုမယ်ဆိုတာတွေကို ကြည့်ရင် သိသာပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ်လိုချင်တဲ့ ရလဒ်ကို ချက်ချင်းရတာမဟုတ်ပါဘူး။ တစ်ဆင့်ပြီးတစ်ဆင့် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မှသာ မိမိလိုလားတဲ့ အခြေအနေတွေကို ရရှိနိုင်မှာပါ။
ပထမဆုံးခြေလှမ်းဆိုတာ မလုပ်ရသေးတဲ့အရာတွေကို လုပ်ဆောင်ချက် အနေနဲ့ စတင်ဖို့ သာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ သေးငယ်တဲ့အရာပဲဖြစ်စေ စတင်လုပ်ဆောင်တာက သင်သင်လိုချင်တဲ့အရာကို ရဖို့ သန္ဒိဌာန် ချလိုက်တာလည်းဖြစ်ပါတယ်။ ရှေ့ဆက်ဖို့ ကိုလည်းပိုမိုလွယ်ကူစေပါတယ်။ ခြေလှမ်းကို စတင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် သံသယစိတ်၊ ကျရှုံးမှာကို ကြောက်ရွံ့ခြင်းတွေကလည်း တွန့်ဆုတ်စေတတ်တယ်။ ဘယ်ပန်းတိုင်ကိုပဲ စစ “မိမိကိုယ်ကို ယုံကြည်ခြင်း” ပထမဆုံးလုပ်ရမယ့် အရေးကြီးဆုံးခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။
မိမိကိုယ်ကိုယုံကြည်မှုဆိုတာ ဝယ်ယူလို့ရတဲ့အရာတစ်ခုမဟုတ်ပါဘူး။ သင်စလှမ်းလိုက်တဲ့ ခြေလှမ်းတွေကနေရတဲ့ သေးငယ်တဲ့အောင်မြင်မှုတွေကနေ ခွန်အားယူပြီး တည်ဆောက်လာတဲ့ စွမ်းရည်တစ်မျိုး ဖြစ်ပါတယ်။ တခါတလေတွေ့ကြုံရတဲ့ ရှုံးနှိမ့်မှုတွေကနေတဆင့်လည်း သင်ခန်းစာအဖြစ်ပြောင်းလဲပြီး မိမိရဲ့ယုံကြည်မှုကို တိုးတက်အောင် တည်ဆောက်နိုင်ပါတယ်။
မိမိကိုယ်ကို ယုံကြည်ပါ။
မိမိကိုယ်ကို ယုံကြည်မှုက အောင်မြင်မှုရဖို့ လိုအပ်တဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ၎င်းက ငါပဲသိငါပဲတတ်ဆိုတဲ့ ယုံကြည်မှုလွန်ကဲတာမျိုးမဟုတ်ပဲ ဘာပဲဖြစ်ဖြစ် ငါ့မှာရှေ့ဆက်ရန် ခွန်အားနှင့် ခံနိုင်ရည်ရှိတယ် ငါလုပ်နိုင်တယ်ဆိုတဲ့ အာမခံချက်ရှိနေခြင်းမျိုးဖြစ်ပါတယ်။ ဒီလိုယုံကြည်ချက်မျိုးက မိမိကိုယ်ကို သံသယဖြစ်တဲ့စိတ်ကို ကျော်လွှားနိုင်ရန် ကူညီပေးပြီး ရှေ့ဆက်ဖို့ ခွန်အားတွေကို ဖြစ်စေမှာပါ။
စိန်ခေါ်မှုများကို လက်ခံပါ။
ဘယ်လိုခရီးမဆို မျဉ်းဖြောင့်ပဲမဟုတ်ဘဲ မကြာခဏ ကွေ့ကောက်ခြင်း၊ လမ်းလွှဲခြင်း၊ ခေတ္တရပ်ခြင်းနှင့် ပြန်လည်စတင်ခြင်းများ ပြုလုပ်ရလေ့ရှိတတ်ပါတယ်။အတားအဆီးကင်းတဲ့ခရီးဆိုတာ မရှိပါဘူး။ တကယ်တော့ စိန်ခေါ်မှုတွေက ပြဿနာဖြေရှင်းခြင်းနဲ့ စိတ်ရှည်သည်းခံခြင်းတို့ကို သင်ကြားပေးတဲ့ ခရီးစဉ်လို့ အဓိပ္ပါယ်ရှိစေတဲ့အရာပါ။ လမ်းတစ်လျှောက်မှာ ကြုံတွေ့ရမယ့် အခက်အခဲတစ်ခုစီတိုင်းကနေ ရင်ဆိုင်ကျော်လွှားနိုင်အောင် သင်ယူရခြင်းကနေတဆင့် သင့်ရှေ့ဆက်သွားမယ့်ခရီးကို ပိုပြီး အထောက်အကူဖြစ်စေတာ အမှန်ပါ။
မိမိကိုယ်ကိုယုံကြည်မှု နေ့စဉ်လေ့ကျင့်ပါ။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဆိုတာ တခြားကျွမ်းကျင်မှုတွေလိုပါပဲ နေ့စဥ် လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ သင်နေ့စဉ်အောင်မြင်နိုင်မယ့် လွယ်ကူပြီး စီမံခန့်ခွဲနိုင်မယ့်ပန်းတိုင်များကို သတ်မှတ်ခြင်းဖြင့် စတင်ပါ။ ဥပမာ- စာအုပ်တစ်အုပ်ရေးဖို့ ရည်မှန်းထားရင် နေ့တိုင်း စာမျက်နှာတစ်ခုရေးပါ။ သင့်အိပ်မက်က မာရသွန်ပြေးဖို့ဆိုရင် တစ်မိုင်ပြေးခြင်းနဲ့စတင် လိုက်ပါ။ အွန်လိုင်းသင်တန်းတစ်ခုကို တက်မယ်ဆိုရင် တစ်နေ့ ၁၅ မိနစ် ကစ အချိန်ပေးလေ့လာပါ။ ဒီပန်းတိုင်ငယ်များကို ပြီးမြောက်ခြင်းက နေ့စဥ် မိမိကိုယ်ကို ယုံကြည်မှုရှိမှု အလေ့အထကို အားဖြည့်ပေးလာမှာပါ။ အချိန်ကြာလာသည်နှင့်အမျှ ဒီသေးငယ်တဲ့ခြေလှမ်းများကနေကပဲ ကြီးမားတဲ့ တိုးတက်လာမှုကို သင်တွေ့မြင်ရမှာဖြစ်ပါတယ်။
တိုးတက်မှုကို မှတ်ကျောက်တင်ပါ။
သင့်ရဲ့အောင်မြင်မှုကို မိမိလိုလားတဲ့ ရလာဒ်အကြီးတစ်ခုတည်းနဲ့ပဲ မတိုင်းတာပါနဲ့။ ယင်းအစား သင်လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုတိုင်းကို ဂုဏ်ပြုပါ။ အနည်းငယ်မျှသာလို့ထင်ရတဲ့ သေးငယ်တဲ့ ခြေလှမ်းတိုင်းကို ရေတွက်ပြီး သင့်ပန်းတိုင်အတွက် လုပ်ဆောင်နေတဲ့ အချိန်တိုင်းဟာ အောင်ပွဲတစ်ခုပါပဲ။
ပြောင်းလဲတိုးတက်မှုအတွက် အောင်ပွဲခံပါ။
ခရီးတစ်ခု၏အဆုံးမှာတော့ သင်မမျှော်လင့်ထားတဲ့ ပြောင်းလဲသွားမှုများကို သင်တွေ့ရပါလိမ့်မယ်။သင့်ကိုယ်သင် ယုံကြည်ပြီး စတင်လိုက်တဲ့ သေးငယ်တဲ့ခြေလှမ်းများကို လျှောက်လှမ်းခြင်းက သင့်ပြင်ပအောင်မြင်မှုများ သာမက သင့်ရဲ့ ခံယူချက်သဘောထားများကိုလဲ ပြောင်းလဲစေပါတယ်။ သင်က ပိုခံနိုင်ရည်ရှိပြီး မျှော်လင့်ချက်များနဲ့ အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်း ပိုရှိလာတာကို ဂုဏ်ယူနိုင်သွားပါပြီ။
သင်ဘယ်ခရီးကိုသွားနေပါစေ အဲဒါတွေအားလုံးဟာ သေးငယ်တဲ့ခြေလှမ်းတစ်ခုနဲ့ သင်အောင်မြင်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စတင်တယ်ဆိုတာကို သတိရပါ။
ရှေ့လျှောက်လမ်း တစ်ခုလုံးကို မမြင်ရသေးလို့ မကြောက်ပါနဲ့။ပထမအဆင့် ပြီးရင် နောက်တစ်ဆင့်ကို သွားလိုက်ပါ။ သင့်ကိုယ်သင် ယုံကြည်ခြင်းကနေ တဆင့် သင့်ကို အတားအဆီးများကို ကျော်လွှားစေမှာဖြစ်ပြီး ရှေ့သို့ ဆက်လက်ချီတက်ကာ တစ်ချိန်က သင်မထင်မှတ်ထားသော အမြင့်သို့ ရောက်နိုင်မှာပဲဖြစ်ပါတယ်။
မိမိကိုယ်ကို ယုံကြည်ဖို့နဲ့ ခံနိုင်ရည်ရှိလာဖို့ Myanmar Youth Platform ရဲ့ အွန်လိုင်း သင်တန်းတွေထဲမှ မိမိသင်ယူလိုတဲ့ courseတွေကို ေရွးချယ်လေ့လာပြီး ပထမခြေလှမ်းကို စတင်လိုက်ပါ။
အခု သင့်ရဲ့ ယုံကြည်ခြေတစ်လှမ်းကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား။
back