ဘတ်ဂျက်ချခြင်းဆိုတာ -----
Author: | Myanmar Youth Platform |
Created: | Monday, 13 January 2025, 9:41 AM |
Last Modified: | Wednesday, 2 April 2025, 7:55 AM by Unesco Admin |
Abstract
ဘတ်ဂျက်ချခြင်းဆိုတာကိုယ့်ကို ကိုယ် ကန့်သတ်ချုပ်ချယ် လိုက်တာ မဟုတ်ပါဘူး၊သင့်ရဲ့ရွေးချယ်သုံးစွဲမှုတိုင်းမှာ စဉ်းစားချင့်ချိန်စွာ လုပ်ဆောင်တတ်မှုကို အားပေးတာပဲ ဖြစ်ပါတယ်။အချိန်အနည်းငယ်ယူပြီး ဘတ်ဂျက်ချမှတ်ခြင်းဟာ သင်လိုချင်၊ပုံဖော်ချင်တဲ့ အိမ်မက်တွေဆီကို အရောက်လှမ်းတဲ့အခါမှာ ငွေကြေးဆိုင်ရာစိတ်ဖိစီးမှုတွေကို လျော့နည်းစေပြီး ငွေကြေးက သင့်ကိုထိန်းချူပ်သွားတာမဟုတ်ပဲ ငွေကြေးကို သင်ကကောင်းမွန်စွာ ထိန်းချုပ်သွားနိုင်မှာ ဖြစ်ပါတယ်။
Content
“သင့်အနာဂတ်စီမံကိန်းကိုပုံဖော်ဖို့ဆိုရင်ငွေကြေးကိုစနစ်တကျစီမံခန့်ခွဲပြီးဘတ်ဂျက်ချခြင်းဟာသင်မဖြစ်မနေသင်ယူရမယ့်အရာပါ။”
သင့်အနာဂတ်ပုံဖော်ရေးဘတ်ဂျက်ရေးဆွဲပေး။
သင်ရဲ့ကောင်းမွန်စွာချမှတ်ထားတဲ့ဘတ်ဂျက်ဟာသင့်ဘဏ္ဍာရေးခရီးအတွက်လမ်းပြမြေပုံတစ်ခုဖြစ်စေမှာပါ။ဤလမ်းပြမြေပုံကသင့်ရဲ့ငွေသုံးစွဲစီးဆင်းမှုဟာသင်အမှန်တကယ်လိုအပ်အရာတွေကိုဝယ်ယူနေပြီးသင့်ရဲ့ငွေကြေးပန်းတိုင်ဆီအရောက်သွားနေသလားဒါမှမဟုတ်၊မလိုအပ်တဲ့ဝယ်ယူသုံးစွဲမှုတွေဆီကိုရောက်ရှိလားဆိုတာကိုလမ်းပြပေးနိုင်မှာဖြစ်ပါတယ်။စနစ်တကျဘတ်ဂျက်မချမှတ်ထားဘူးဆိုရင်မလိုအပ်ပဲငွေပိုမိုသုံးစွဲမိနိုင်ပြီးအရေးပေါ်အခြေအနေတွေနဲ့ရေရှည်လိုအပ်ချက်တွေကိုပြင်ဆင်ထားတာမျိုးမရှိနိုင်ပါဘူး။ဘတ်ဂျက်ချမှတ်ခြင်းဟာသင်ရဲ့ပုံမှန်မဖြစ်မနေသုံးစွဲမှုတွေ၊စုငွေတွေ၊မျှော်လင့်မထားသောကုန်ကျစရိတ်များအတွက်အစီအစဉ်ရှိမှာဖြစ်သလိုငွေကြေးဆိုင်ရာဖိစီးမှုကိုလျော့နည်းစေပြီးသင့်ကိုစိတ်ချမ်းသာစေမှာပဲဖြစ်ပါတယ်။ဒါ့အပြင်အိမ်ယာတစ်ခုပိုင်ဆိုင်လိုခြင်း၊ငွေကြေးစုဆောင်းခြင်း၊ခရီးသွားခြင်း၊ပညာသင်စရိတ်စသည့်သင့်အိမ်မက်တွေကိုပုံဖော်ဖို့အတွက်အများကြီးအထောက်အကူပြုစေမှာဖြစ်ပါတယ်။
“ဒါဆိုရင်လူငယ်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ဂျာမိုင်ကသူမတက်ချင်တဲ့နိုင်ငံခြားဘွဲ့တစ်ခုအတွက်ဘတ်ဂျက်ကိုစနစ်တကျအဆင့်ဆင့်ဘယ်လိုချသွားမလဲလေ့လာကြည့်ရအောင်။”
၁။ဝင်ငွေနဲ့ထွက်ငွေကိုအမြဲချင့်ချိန်သုံးသပ်ခြင်း-
ဂျာမိုင်ကအရောင်းဆိုင်တစ်ခုမှာအရောင်းစာရေးမကလေးအဖြစ်အလုပ်လုပ်ပါတယ်။သူမရဲ့တစ်လဝင်ငွေကိုစတင်မှတ်သားပါတယ်။ပြီးတော့ထွက်ငွေတွေကိုစာရင်းမှတ်ပါတယ်။ | |
မဖြစ်မနေသုံးစွဲရမယ့်သုံးစွဲငွေတွေဖြစ်တဲ့ (အဆောင်ခ၊ထမင်းစရိတ်၊ရေဖိုး၊မီးဖိုး၊ဘတ်(စ်)ကားခ) စသည့်တို့ကိုခွဲထုတ်ပါတယ်။ မဖြစ်မနေသုံးစွဲစရိတ်တွေမဟုတ်ပဲလိုလားချက်များဖြစ်တဲ့အဝတ်အထည်၊အလှပြင်ပစ္စည်း၊ဖုန်းဘေလ်စတဲ့အသုံးစရိတ်တွေကိုလည်းခွဲထုတ်ပါတယ်။ |
၂။ငွေကြေးပန်းတိုင်များချမှတ်ထားခြင်း-
သူမဟာရေတိုငွေကြေးပန်းတိုင်တွေဖြစ်တဲ့အင်္ဂလိပ်စာသင်တန်းကြေးပေးရန်နှင့်ရေရှည်ငွေကြေးပန်းတိုင်ဖြစ်တဲ့နိုင်ငံခြားဘွဲ့တစ်ခုအတွက်ငွေကြေးပန်းတိုင်သတ်မှတ်ခြင်းတွေကိုချမှတ်ပါတယ်။ |
၃။ငွေကြေးသုံးစွဲမှုကိုစနစ်တကျခွဲဝေသတ်မှတ်ခြင်း-
သူမဟာလစဉ်သူမဝင်ငွေရဲ့ ၅၀ရာခိုင်နှုန်းကိုမဖြစ်မနေသုံးစွဲရမယ့်အသုံးစရိတ်တွေအတွက်သုံးစွဲပြီး၊ ၃၀ရာခိုင်နှုန်းကိုသူမလိုချင်တဲ့သုံးစွဲမှုတွေဖြစ်တဲ့အဝတ်အထည်၊အလှပြင်ပစ္စည်း၊ဖုန်းဘေလ်စတာတွေအတွက်သုံးစွဲပါတယ်။ ကျန်တဲ့၂၀ရာခိုင်နှုန်းကိုလစဉ်စုသွားပါတယ်။ |
၄။ချင့်ချိန်သုံးသပ်ခြင်း_
တချို့လတွေမှာလိုချင်တာတွေကိုလျော့ပြီးပိုစုပါတယ်။အဆောင်ကိုလည်းအလုပ်နဲ့နီးပြီးလမ်းလျှောက်သွားလို့ရတဲ့နေရာကိုပြောင်းလိုက်တော့ဘတ်(စ်)ကားခလည်းသက်သာသွားတယ်လေ။ |
၅။အပ်ပလီကေးရှင်းများအသုံးပြုခြင်း_
ဂျာမိုင်ဟာအသုံးစရိတ်တွေကိုခွဲခြားသတ်မှတ်ပေးတဲ့အပ်ပလီကေးရှင်းတစ်ခုကို download ဆွဲထားတော့သူကကိုယ့်ရဲ့ငွေကြေးသုံးစွဲမှုကိုသုံးသပ်ပြပေးတဲ့အခါလွယ်ကူအဆင်ပြေပြီးသူမရဲ့ငွေကြေးစီမံခန့်ခွဲမှုအတွက်အထောက်အကူဖြစ်စေတယ်လေ။ |
“အရေးကြီးတာတစ်ခုကဘတ်ဂျက်ချမှတ်တယ်ဆိုတာစဉ်ဆက်မပြတ်လုပ်ဆောင်သွားပြီးလိုက်လျောညီထွေလည်းရှိရပါမယ်။ဒါဆိုသင့်ရဲ့ငွေကြေးပန်းတိုင်ကိုပြည့်မြောက်အောင်ဒီကနေ့ပဲစတင်လုပ်ဆောင်လိုက်ရအောင်။ Myanmar Youth Platform, E-Learning program ရဲ့ Financial Literacy course ကိုလည်းသွားရောက်လေ့လာနိုင်ပါတယ်။”
back